Goal of Project

 – မြန်မာနိုင်ငံသားများ အထူးသဖြင့် အရွယ်ရောက်ပြီးစ မြန်မာလူငယ်လူရွယ်များ မိမိတို့၏ အားလပ်ချိန်များတွင် နိုင်ငံတကာ အဆင့်မီ အတတ်ပညာများကို လွယ်လင့်တကူ လေ့လာဆည်းပူး နိုင်ရန် နှင့် အသက်မွေးဝမ်းကြောင်း Career တစ်ခု တည်ဆောက်နိုင်ရန်။

Project လုပ်ဆောင်ရန် စေ့‌ဆော်နေသော အရှိတရား။

 – ကျွန်ုပ်တို့သည် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတစ်ခုတွင် လူလာဖြစ်ရသည်။ ကံတရား၏ ပေးထားချက်အရ ကျွန်ုပ်တို့တွင် ရွေးချယ်ခွင့် မရှိပါ။ မည်သူက ဆင်းရဲတဲ့ တိုင်းပြည်မှာ လူလာဖြစ်ချင်မှာလဲ။ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ လက်ခံရပါသည်။ ဆင်းရဲသည့် နိုင်ငံသားများဖြစ်သည့်အတွက် မည်သည့်နိုင်ငံကမှ လေးစားခြင်းမရှိပါ။ နိုင်ငံတကာသို့ သွားပါက မြန်မာ ပတ်စပို့ အနီကို မြင်သည်နှင့် ခွဲခြားဆက်ဆံမှုများနှင့် ရင်ဆိုင်ရပါသည်။

 

 – ယခုချိန်ခါတွင် ကျွန်ုပ်တို့တိုင်းပြည်၏ နိုင်ငံရေး ပြဿနာများနှင့် ပြည်တွင်းစစ်ဒဏ်များကြောင့် နိုင်ငံသူ နိုင်ငံသားများ ပို၍ဆင်းရဲမွဲတေ သွားကြပါပြီ။ လူငယ်လူရွယ် များသည်လည်း မျှော်လင့်ချက်မဲ့သလို အနာဂတ်မဲ့သလို ခံစားနေရပါသည်။ နိုင်ငံရေး ပြဿနာများနှင့် ပြည်တွင်းစစ်ဒဏ်များကြောင့် ပညာရေး တစ်ပိုင်းတစ်စနှင့် ‌ပြေးလွားနေရသည့် လူငယ်များသည်လည်း ဒုနဲ့ဒေးပါ။ ထို့အတူ နိုင်ငံတကာသို့ သွားရောက်၍ ဘဝရပ်တည်ရေးအတွက် အနှိမ်ခံဘဝဖြင့် ရပ်တည်နေရသည့် လူငယ်များသည်လည်း ဒုနဲ့ဒေးပါ။ ထိုလူငယ်များကို ဤနေရာမှ သတင်းစကားတစ်ခု ပါးချင်ပါသည်။ သင်တို့တွင် မျှော်လင့်ချက် ရှိပါသေးသည်။

 

 – မြန်မာနိုင်ငံသားများပင် ဖြစ်လင့်ကစား နိုင်ငံတကာတွင် မျက်နှာမငယ်ရသော၊ အနှိမ်မခံရသော လူတန်းစားတစ်ရပ် ကျွန်ုပ်တွေ့ဖူးပါသည်။ ထိုသူများကို လေ့လာကြည့်တဲ့အခါ တူညီသော အချက်တစ်ခုကို တွေ့ရပါသည်။ ထိုသူများသည် နယ်ပယ်တစ်ခုတွင် တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သူ ( Professional ) များ ဖြစ်ကြပါသည်။ သင့်တွင် တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သော အတတ်ပညာရှိပါက သင်သည်လည်း ထိုဘဝမျိုးကို ပိုင်ဆိုင်နိုင်ပါသည်။ အတတ်ပညာ တစ်ခုကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်တတ်မြောက်ရန် တစ်အချက် – ပြင်းပြသော ကြိုးစားအားထုတ်မှု ရှိရပါမည်။ နှစ်အချက် – လေ့လာဆည်းပူးရမည့် နေရာ ရှိရပါမည်။ သုံးအချက် – လေ့လာဆည်းပူးရာတွင် နည်းမှန်လမ်းမှန် ဖြစ်ရန်လိုပါသည်။ နည်းလမ်းမမှန်ပါက ဘယ်လောက်ပဲ ကြိုးစားကြိုးစား ခရီးမရောက်ဖြစ်တတ်ပါသည်။ ယခု ပရောဂျက်သည် လေ့လာဆည်းပူးရမည့်နေရာ ကိုဖန်တီးတည်ဆောက်နေခြင်း ဖြစ်ပါသည်။ နောင်တွင် နည်းမှန်လမ်းမှန် မည်သို့ဆည်းပူးလေ့လာရမည့်အကြောင်း ကျွန်ုပ်ထပ်ရေးပါမည်။ သင့်ဘဝ ပြောင်းလဲတိုးတက်လိုပါက၊ အနှိမ်ခံဘဝက လွတ်မြောက်လိုပါက သင့်ဘက်က ပြင်းပြသော ကြိုးစားအားထုတ်မှု ပြုလုပ်ရန် လိုအပ်ပါသည်။ ဤမျှအထိ စာကိုဖတ်လာပြီဆိုပါက အပေါ်တွင် ကျွန်ုပ်ရေးထားသော “သင်တို့တွင် မျှော်လင့်ချက် ရှိပါသေးသည်။” ဟူသော စကား၏ အဓိပ္ပာယ်ကို သင်သဘောပေါက် လိမ့်မည်လို့ ကျွန်ုပ်ယူဆပါသည်။

Project အတွက် စိန်ခေါ်မှုများ

 – ယခု Project သည် တစ်ခဏတာ အတွက် ရည်ရွယ်လုပ်ဆောင်နေသော Project မဟုတ်ပါ။ မာရသွန် အပြေးပြိုင်ပွဲ ကဲ့သို့ ရေရှည် သွားရမည့်အတွက် သက်လုံကောင်းရန် လိုအပ်ပါသည်။ ယနေ့ ကျွန်ုပ်တို့ ရှင်သန်နေထိုင်နေသော ကမ္ဘာကြီးသည် နည်းပညာ ကမ္ဘာကြီး ဖြစ်နေပါပြီ။ အချိန်နှင့်အမျှ တိုးတက်လာနေသော နည်းပညာများနှင့် အမှီ မလိုက်နိုင်ပါက နောက်ကျ ကျန်ခဲ့ပေလိမ့်မည်။ အနောက်တိုင်းသားများသည် နည်းပညာများကို တီထွင်ဖန်တီးနိုင်ကြသည်။ ကျွန်ုပ်တို့ အရှေ့တိုင်းသားများသည် အနောက်တိုင်းသားများကဲ့သို့ တီထွင်ဖန်တီးမှုများ မလုပ်နိုင်ပါ။ ထိုသူများ တီထွင်ဖန်တီးထားသော နည်းပညာ များကို ပြန်လည်လေ့လာကာ ပြန်လည်အသုံးချ မှုများသာ လုပ်နိုင်ပါသည်။ ထိုသို့ ပြန်လည်လေ့လာ အသုံးချရန်အတွက် စဉ်ဆက်မပြတ် လေ့လာဆည်းပူးမှုများ ပြုလုပ်ရန််လိုအပ်ပါသည်။ ထိုသို့ လေ့လာဆည်းပူးရန်အတွက် ယခု Project တွင် ပြောင်းလဲတိုးတက်နေသော နည်းပညာများကို ပြန်လည်သင်ကြားပေးနေသော Course များသည်လည်း အချိန်နှင့် တပြေးညီ ရောက်ရှိရန် လိုအပ်ပါသည်။ သို့မှသာ လူငယ်လူရွယ်များ အလျင်မှီ လေ့လာနိုင်မည် ဖြစ်ပါသည်။

 

 – ယခု Project ဖြစ်တည်ရန်အတွက် ကျွန်ုပ်တို့သည် ငွေကြေးအမောက်တစ်ခု မတည်ကာ လုပ်ဆောင်နေပါသည်။ ကျွန်ုပ်တို့မတည်ထားသော ငွေကြေးသည် အကန့်အသတ်ရှိပါသည်။ အတိုင်းအဆမဲ့ မဟုတ်ပါ။ ဆိုလိုသည်မှာ အချိန်အတိုင်းအတာ တစ်ခုသို့ ရောက်ပါက ထိုမတည်ထားသော ငွေကြေးများ သည် ကုန်ဆုံးသွားပါမည်။ စဉ်ဆက်မပြတ် ငွေကြေးများ စိုက်ထုတ်ဘို့ ဆိုသည်မှာလည်း ကျွန်ုပ်တို့အတွက် အဆင်မပြေပါ။ ရေရှည် ရပ်တည်ရန်အတွက် ငွေကြေးချမ်းသာသော သူများထံတွင် အလှူခံသည့် ကိစ္စမျိုးလည်း ကျွန်ုပ်တို့ မလုပ်ချင်ပါ။ အလှူခံသည့် ကိစ္စမျိုးကို လုပ်သည့်တိုင် တစ်ပါးသူကို မှီတည်နေရသည့် အလုပ်သည် ရေရှည်မတည်မြဲ နိုင်ပါ။ ထိုသို့သော အခြေအနေမျိုးသို့ ရောက်ပါက ကျွန်ုပ်တို့လုပ်ဆောင်နေသော Project ကို ရပ်တန့်ပစ်လိုက် ရမည်လား။